မဒန်ဂူရီ၊ ကိုနေးတို့နှင့် လက်တွဲဖြုတ်မည်ဟု နေပြည်တော် အသင်း ကြေငြာ
By sandarmoe on အားကစား from news.yatanarpon.com.mm
၂၀၁၃ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ဒုတိယနေရာ ရယူနိုင်ခဲ့သည့် နေပြည်တော် အသင်းသည် ပြီးခဲ့သည့် ရာသီက အသင်းအတွက် အရေးပါသည့် ကစားသမားများ ဖြစ်ခဲ့သည့် ကွင်းလယ်လူ ကိုနေးနှင့် တိုက်စစ်မှူး မဒန်ဂူရီတို့ကို ရာသီသစ်တွင် ဆက်လက် လက်တွဲတော့မည် မဟုတ်ကြောင်း ကြေငြာခဲ့သည်။ နေပြည်တော် အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက အဆင့် (၂) ရရှိထားသောကြောင့် လာမည့် ရာသီသစ်တွင် အာရှ ဒုတိယ အဆင့်မြင့်ဆုံး ကလပ်အသင်း ပြိုင်ပွဲဖြစ်သည့် AFC Cup ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသည်။ သို့ဖြစ်ရာ ရာသီသစ် စတင်ရန် အနည်းဆုံး (၄)လမျှ လိုအပ်နေသေးသည့် အချိန်မှာပင် နိုင်ငံခြားသား ခေါ်ယူရန် ဆုံးဖြတ်မှုများကို တက်ကြွစွာ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ ရာသီသစ်အတွက် လက်တွဲမည့် ကစားသမားများကို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ နေပြည်တော် အသင်းသည် ကိုရီးယား ကွင်းလယ်လူ ဂျောင်ကို (၃) ရာသီဆက် အဖြစ် ဆက်လက် လက်တွဲရန် ဆုံးဖြတ်ခဲ့ပြီး နောက်ခံလူ မာရှယ်ကိုလည်း ဆက်လက် လက်တွဲရန် ရွေးချယ်ခဲ့သည်။