၇ နှစ်ဆက်တိုက် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး မော်ဒယ်လ် ဂီဆီလီဘန်ချန်
By sandarmoe on ဖျော်ဖြေရေး from news.yatanarpon.com.mm
ကမ္ဘာသိ နာမည်ကျော် မော်ဒယ်လ် အများအပြား ရှိနေသည့်တိုင် ဘရာဇီးလ်သူ ဂီဆီလီ ဘန်ချန်၏ ဝင်ငွေကို ယှဉ်နိုင်သူ တစ်ဦးမျှ မရှိကြောင်း Forbes ၏ စာရင်းအရ ဖော်ထုတ် တွေ့ရှိနိုင်ခဲ့သည်။ ကမ္ဘာပေါ်တွင် အလှဆုံး စာရင်းဝင် အမျိုးသမီးများ၊ ဝင်ငွေ အကောင်းဆုံး မော်ဒယ်လ်များ အနေဖြင့် နာမည်ကြီးခဲ့သည့်တိုင် ပြီးခဲ့သည့် တစ်နှစ်အတွင်း မီရန်ဒါကားရ်၊ အေဒရီယန်လီမာ၊ ကိတ်မော့စ်တို့၏ (၃)ဦးပေါင်း ဝင်ငွေသည် ဂီဆီလီ တစ်ဦးတည်း ဝင်ငွေ၏ ထက်ဝက်စာမျှပင် ရှိမနေသည်ကို တွေ့ရှိရသည်။ Victoria's Secret ၏ လက်စွဲတော် အလှမယ်ဖြစ်သည့် ဂီဆီလီသည် တစ်နှစ်တာ ဝင်ငွေစာရင်းအရ ဒေါ်လာ (၄၂) သန်း ပိုင်ဆိုင်ထားခဲ့ကြောင်း Forbes က ဖော်ပြခဲ့သည်။ သူမကို အနီးကပ်ဆုံး ဖိအားပေးနိုင်သည့် ဒုတိယ နေရာမှ ဩစတြေးလျသူ မီရန်ဒါသည် တစ်နှစ်အတွင်း ဒေါ်လာ (၇) သန်းကျော်သာ ရရှိခဲ့သည်။ကျော့ရှင်းသော ခန္ဓာကိုယ် အလှအပကြောင့် မြင်သူတကာ အသက်ရှူ ငေးလောက်သူအဖြစ် ဂီဆီလီသည် ဝင်ငွေအကောင်းဆုံး မော်ဒယ်လ်များ စာရင်းတွင် (၇) နှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်သူ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သေးသည်။