အဲဗာတန်မှ ထွက်ခွာခွင့်ပေးရန် မာတီနက်ဇ်ကို ဖယ်လိုင်နီ တောင်းဆိုခဲ့ကြောင်း သတင်းများထွက်ပေါ်
By suwatisoe on အားကစား from news.yatanarpon.com.mm
မိမိကို အသင်းမှ ထွက်ခွာခွင့် ပေးစေလိုကြောင်း မော်ရိုဖယ်လိုင်နီက အဲဗာတန် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်ကို ခွင့်တောင်းခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းက အဆိုပါ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်ကစားသမားနှင့် အသင်းဖော် အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ လေတန်ဘိန်းစ်တို့ကို စတာလင်ပေါင် (၃၆) သန်းထိ ဈေးနှုန်းမြှင့်တင် ကမ်းလှမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ဖယ်လိုင်နီက ပြောင်းရွှေ့ခွင့် တောင်းခံလာခြင်းဟုလည်း ဆိုသည်။ ယင်းမတိုင်မီက ဘိန်းစ်ကိုယ်တိုင်လည်း အဲဗာတန် ဥက္ကဋ္ဌ ဘီလ်ကင်ရိုက်စ်နှင့် မာတီနက်ဇ်တို့အား မိမိကို အသင်းပြောင်းခွင့် ပေးစေလိုသည်ဟု ပန်ကြားခဲ့ကြောင်း ဗြိတိန်မီဒီယာ အချို့က ဖော်ပြခဲ့သေးသည်။အသက် (၂၅) နှစ်ရှိ ဖယ်လိုင်နီသည် တရားဝင် အသင်းပြောင်းရွှေ့ခွင့်အတွက် စာရေးသား တောင်းဆိုခြင်း မရှိသော်လည်း နှုတ်အားဖြင့် မိမိ၏ ဆန္ဒကို မာတီနက်ဇ်ထံ ထုတ်ဖော် ပြောဆိုခဲ့ကြောင်း သိရသည်။